ပြည်ပြည်ဆိုင်ရာ Terminal အသစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ဖွင့်လှစ်

PRESS RELEASE BY YANGON AERODROME COMPANY LIMITED

အပြည်ပြည်ဆိုင်ရာ Terminal အသစ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။

 new terminal

Download Factsheet | View Gallery

  •   နိုင်ငံတကာအဆင့်မီ ဗိသုကာပညာအင်္ဂါရပ်များ ပေါင်းစပ်တည်  ဆောက်ထား သော အပြည်ပြည်ဆိုင်ရာ Termianl သစ်
  •   T 1 ဖွင့်လှစ်လိုက်ခြင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ပိုမိုများပြားသော ခရီးသည်များဝန်ဆောင်မှုပေးနိုင်ရေး ရည်ရွယ်တိုးချဲ့မှု၏ ပထမခြေလှမ်းဖြစ်သည်။
  •   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံသို့ စီးပွားရေး လုပ်ငန်းများ နှင့် အပန်းဖြေခရီးစဉ်များအတွက် လာရောက်ကြသော ခရီးသွားများ ဝင်ရောက်ရာ အဓိကတံခါးပေါက်ဖြစ်လာမည်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည်ပေါင်း သန်း ၂၀ အထိ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။

 

ရန်ကုန် - ၂၀၁၆ ခုနှစ် ၊ မတ်လ ၁၂ ရက် - Yangon Aerodrome Company Limited (“YACL”) သည် အပြည်ပြည်ဆိုင်ရာ Terminal အသစ်ဖြစ်သည့် T 1 ကို ဖွင့်လှစ်လိုက်ခြင်းဖြင့် မြန်မာ့လေကြောင်းပို့ဆောင်ရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါသည်။

အခမ်းအနားကို သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး T 1 သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း double digit growth တိုးတက်ခဲ့သော ခရီးသွားဦးရေ နှင့်အညီ နိုင်ငံတွင်းသို့ စီးပွားရေး နှင့် အပန်းဖြေလာရောက်ကြသော ခရီးသွားများအား ကြိုဆိုဝန်ဆောင်မှုပေးရေး အားဖြည့်ပေးသွားမည်ဖြစ်ပါသည်။ စွမ်းဆောင်ရည်နှင့် အထောက်အကူပစ္စည်းများတိုးချဲ့နေမှုနှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တိုးတက်လာမည့် လေကြောင်းဝန်ဆောင်မှုများနှင့်အတူ တစ်နှစ်လျှင် ခရီးသည်ပေါင်း သန်း ၂၀ အထိ ဝန်ဆောင်မှုပေးနိုင် ရန်မျှော်မှန်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်နီးကပ်စွာဖြင့် မဟာဗျူဟာမြောက်စွာတည်ရှိနေသော T 1 သည် မြန်မာနိုင်ငံတွင်းသို့ အဓိကဝင်ပေါက်ဖြစ်လာမည်ဖြစ်ပါသည်။ ၂၃ လအတွင်း တည်ဆောက်ပြီးစီးခဲ့သော T 1 သည် ခန့်မှန်းခြေ ၁၀ဝ၀ဝ၀ စတုရန်းမီတာကျယ်ဝန်းပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှုများအား ထောက်ပံ့ ပေးသည့် ဗိသုကာအင်္ဂါရပ်များနှင့်အတူ ခရီးသည်များအား ခရီးစဉ်မထွက်ခွာမီ အချိန်အတွင်း သက်တောင့်သက်သာဖြင့် အရည်အသွေးမြင့်ဝန်ဆောင်မှုများ ခံစားနိုင်ရန် စီမံဆောင်ရွက်ထားပါသည်။

 


နိုင်ငံတကာအဆင့်မီ ဗိသုကာအင်္ဂါရပ်များ

T 1 သည် retail အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ကြေငြာများထားရှိရာ ဧရိယာ ၃၅၀ဝ၀ စတုရန်းမီတာခန့်နှင့် ခရီးသည်များ နားနေရာ ဧရိယာ ၃၀ဝ၀ စတုရန်းမီတာခန့် ကျယ်ဝန်းပါသည်။ T 1 တွင် ခရီးသည်များသည် စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များစွာမှ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။ နာမည်ကြီးနိုင်ငံတကာတံဆိပ်အရောင်းဆိုင်များလည်း ဖွင့်လှစ်ထားသဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပြီး နိုင်ငံတကာနာမည်ကြီးအစားအသောက် များကိုလည်း ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။

မြန်မာနိ်ုင်ငံတွင် ပထမဆုံးဖြစ်သော အများပြည်သူလာရောက်ဝယ်ယူနိုင်သော ဈေးဝယ်စင်တာပါဝင်မည့် Terminal အသစ်ဖြစ်လာမည်ဖြစ်ပြီး စားသောက် ဆိုင်များစွာနှင့် အမှတ်တံဆိပ်များစွာကိုလည်း ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ T 1 ၏ အပေါ်ဆုံးအထပ်တွင် တည်ရှိသော The Sky Mall သည် ကားရပ်နားရာနေရာနှင့် ဆက်သွယ်ထားသော Sky Link နှင့် ချိတ်ဆက်ထားရာ လွယ်ကူစွာ သွားရောက်နိုင်မည်ဖြစ်ပါသည်။

T 1 တွင် မှန်အကြည်များနှင့်သာ ကာရံထားသောကြောင့် သဘာဝနေရောင် ခြည်ကောင်းစွာရရှိနိုင်ပါသည်။ ထို့ပြင် မှန်အကြည်များဖြင့်ကာရံထားသောကြောင့် ခရီးသည်များအနေဖြင့် လေဆိပ်ကို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပြီး ပြင်ပရှုခင်းများကိုလည်း ခံစားနိုင်မည်ဖြစ်ကာ လေယာဉ်အတက်အဆင်းများကို လည်းမြင်တွေ့နိုင်မည်ဖြစ်ပါသည်။

T 1 ဖွင့်လှစ်လိုက်သဖြင့် များပြားလာမည့် ခရီးသည်အရေအတွက်အား ခြုံငုံမိစေရန် လေဆိပ်ကားပါကင်ကိုလည်း တိုးချဲ့ထားပါသည်။ ကားများ အဝင်အထွက်ပြုလုပ်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် ကတ်စနစ်အသစ်ကို လည်း စီစဉ်ထားရှိပါသည်။


၀န်ဆောင်မှုပေးရန်အဆင်သင့်ဖြစ်နေသော အပြည်ပြည်ဆိုင်ရာ Terminal သစ်

ခရီးသည်များအား ဝန်ဆောင်မှုပေးရန် ယနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော T 1 သည် ယခုလတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ပြေးဆွဲသော ခရီးစဉ်များဖြင့် စတင်လုပ်ငန်းဆောင်ရွက်နေပြီဖြစ်ပါသည်။

Air Asia ၊ Emirates ၊ Hong Kong Express လေကြောင်းလိုင်းများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးစဉ်များစတင်ပြေးဆွဲနေပြီဖြစ်ပြီး ယခုအခါတွင် လေဆိပ်၌ ဝန်ထမ်းဦးရေ ၂၀ဝ၀ အထိ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။

“Terminal အသစ်ဖွင့်လှစ်လိုက်ခြင်းဟာ မြန်မာ့လေကြောင်းပို့ဆောင်ရေး နယ်ပယ်မှာ သမိုင်းမှတ်တိုင်သစ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး အခွင့်အလမ်းသစ်တွေ ခေါ်ဆောင်လာမှာဖြစ်ပါတယ်။ T 1 ဟာ ခရီးသည်တွေကို နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများပေးသွားမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များထဲမှ တစ်ဦးဖြစ်ပြီး YACL နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့၏ ဥက္ကဌဖြစ်သူ ဦးထွန်းမြင့်နိုင်က အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဖွံ့ဖြိုးတိုးတက်မှုများ

T 1 ဖွင့်လှစ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းနှင့်အတူ တိုးတက်လာနိုင်သည့် လေကြောင်းပို့ဆောင်ရေးလုပ် ငန်းများအတွက် ပိုမိုများပြားလာမည့် ခရီးသွားများကိုဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပထမခြေလှမ်းပင်ဖြစ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တိုးချဲ့မှုကို အဆင့်သုံးဆင့်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်တွင် T 1 ကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်ကာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်း Terminal အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဒုတိယအဆင့်တွင် လက်ရှိ T 1 ကို တိုးချဲ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး VIP နှင့် CIP Terminal များကိုလည်း တည်ဆောက်သွားမည်ဖြစ်ပါသည်။ တတိယအဆင့်တွင် T 1 ကို ထပ်မံတိုးချဲ့ သွားမည်ဖြစ်ပြီး အထပ်များစွာပါရှိသော ကားပါကင်လည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ပါသည်။
လေဆိပ်မြို့တော်စီမံကိန်းဆောင်ရွက်ရေးကိုလည်း ထည့်သွင်းစဉ်းစားလျက် ရှိပါသည်။ အနာဂတ်လေဆိပ်မြို့တော်သည် ဧည့်ဝတ်ကျေပွန်မှု၊ စီးပွားရေးနှင့် retail အရောင်းဆိုင်များအစရှိသည့် စိတ်ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုများ ပိုမိုတိုးမြှင့်ပေးမည်ဖြစ်ပြီး ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်စေမည် ဖြစ်ပါသည်။


အခြေခံအဆောက်အဦတည်ဆောက်ရေးနယ်ပယ်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခြင်း

T 1 တည်ဆောက်ခြင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် အတတ်ပညာရှင်များ၏ စွမ်းဆောင်ရည်များကို ဖော်ထုတ်ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤ ကဲ့သို့ မှတ်ကျောက်တင်နိုင်သော စီမံကိန်းဆောင်ရွက်နေစဉ်တစ်လျှောက်တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် ဤကဲ့သို့ အကြီးစားစီမံကိန်းဆောင် ရွက်ခြင်းဆိုင်ရာ အတွေ့အကြုံများ ရရှိနိုင်ခဲ့ပြီး နိုင်ငံတကာတွင် အသုံးပြုနေသော ဆောက်လုပ်ရေးနည်းပညာများကိုလည်း သင်ယူနိုင်ခဲ့ပါသည်။ ထို့အပြင် ဤ terminal တည်ဆောက်နေစဉ်အတွင်း လက်တွဲဆောင်ရွက်ခဲ့ကြသော ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းလုပ်သားများအကြား နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများလည်း မျှဝေခဲ့ကြပါသည်။ ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးပိုင်းဆိုင်ရာ ကဏ္ဍများအတွက်လည်း လိုအပ်သော သင်တန်းများလည်း စီမံပေးခဲ့ပါသည်။

T 1 တည်ဆောက်ရာတွင် အဓိကအားဖြင့် ပြည်တွင်းကုမ္ပဏီများသာ ပါဝင်ဆောင်ရွက်ထားပြီး project manager များ ၊ အင်ဂျင်နီယာများနှင့် ဝန်ထမ်းများ ၄၀ဝ၀ ခန့်အထိပါဝင်ခဲ့ကာ လုပ်သားအင်အား ၈၀% မှာ ပြည်တွင်း လုပ်သားများသာ ဖြစ်ပါသည်။

T 1 ဖွင့်လှစ်လိုက်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်း ၆၀ဝ ခန့်ဖန်တီးပေးထားနိုင်ပြီး အနာဂတ်တွင် နိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးနယ်ပယ်၌ လိုအပ်နေသည့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။