YANGON, NAY PYI TAW INTERNATIONAL AIRPORTS AND ASIA WORLD PORT TERMINAL SUPPORT VOICES FOR MOMOS

အေးရှားဝေါလ်ကုမ္ပဏီ၏ လုပ်ငန်းခွဲများက တောရိုင်း တိရစ္ဆာန် ပစ္စည်းများ တရားမဝင် ကုန်သွယ်ရောင်းချနေမှု တားဆီးရေး ပြည်သူလူထုအသိပညာပေးခြင်း တိုးမြှင့်လုပ်ဆောင်

Download Press Release[MM]

Download Press Release[ENG]

momo

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၁၈ ခုနှစ် ။ ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (YIA) ၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (NPTIA) နှင့် အေးရှားဝေါလ် ဆိပ်ကမ်း (AWPT) တို့သည် မိုမိုတို့ အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ကို ကူညီပံ့ပိုးပေးရန် ကြေညာလိုက်သောကြောင့် မြန်မာ့တောဆင် များအနေဖြင့် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးမည့် နောက်ထပ်ချန်ပီယံ အသစ်တွေ့ ရှိသွားပြီဖြစ်သည်။

Asia World Company Ltd (AWC) က တာဝန်သိလုပ်ငန်း တစ်ခုအဖြစ် ရပ်တည်ရေး လုပ်ဆောင်ချက်အဖြစ် တောရိုင်း တိရိစ္ဆာန်နှင့် ပက်သက်၍ အသိပညာပေး လုပ်ဆောင်ရာတွင် ယခုကဲ့သို့ ပါဝင်ခွင့်ရသည့်အပေါ် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိသည်။ နိုင်ငံ၏ အဓိက ဝင်ပေါက် ထွက်ပေါက်များကို ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော AWC ၏ သယ်ယူ ပို့ဆောင် လုပ်ငန်းခွဲများမှ မတ်လ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့ (World Wildlife Day) အားရည်မှန်း၍ တရားမဝင်တောရိုင်း တိရစ္ဆာန်ပစ္စည်း များကုန်သွယ်မှုကို လူအများ သတိပြုမိစေရန် အရှိန်မြှင့် လုပ်ဆောင် သွားမည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Chief Operating Officer ဖြစ်သူ Mr Jose Angeja မှ “ YIA က VOICES FOR MOMOS နဲ့ ပူးပေါင်းလိုက်တာဟာ YIA ရဲ့ သံန္နိဋ္ဌာန်တွေဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဝန်ဆောင်မှု အကောင်းဆုံးနဲ့ အကောင်းဆုံး လေဆိပ်တစ်ခု ဖြစ်လာစေရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းစောင့် ရှောက်ရေးအတွက် တစ်တပ်တအား ပါဝင်ရေးစတာတွေနဲ့ တသားတည်းကျပါတယ်။ ၂၀၁၇ ခုနှစ်က ခရီးသည် ၆ သန်းနီးပါးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ကမ္ဘာ့သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (YIA) ဟာ ခရီးသွား ဧည့်သည်တွေကို အသိပညာပေးရေး၊ တာဝန်သိ ခရီးသွားလုပ်ငန်းကို မြေတောင်မြှောက် ပေးရေး၊ အမျိုးသားဇီဝ မျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အနာဂတ်ကာလမှာ မြန်မာနိုင်ငံကို တောရိုင်း တိရစ္ဆာန်ပစ္စည်းများ ကုန်သွယ်မှု ကင်းစင်နိုင်ငံ တစ်ခုဖြစ်လာအောင် ဖန်တီးရေး စတာတွေကို လုပ်ဆောင်ရာမှာ တက်တက်ကြွကြွ ပါဝင်သွားဖို့ ရည်မှန်းထားပါတယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ၌ WWF-Myanmar သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမဝင် တောရိုင်း တိရစ္ဆာန်ပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ပတ်သက်ပြီး လေ့ကျင့် သင်တန်းပေးခဲ့သည်။ သင်တန်းပေးသည့် ပုံစံမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လက်လီ အရောင်းဆိုင်များ စီမံခန့်ခွဲရေးအဖွဲ့ကို ဆင်စွယ်များနှင့် အခြား တရားမဝင် တောရိုင်း တိရစ္ဆာန်ပစ္စည်းများ ရောင်းချခြင်းနှင့် ပတ်သက်၍ ရှာဖွေဖော်ထုတ် တတ်စေရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ရည်ရွယ်ချက်မှာ ထိုအဖွဲ့က လေဆိပ်အတွင်းတွင် ရောင်းချနေသော လက်လီ အရောင်းဆိုင်များက တောရိုင်း တိရစ္ဆာန်ပစ္စည်းများ မရောင်းဝယ် နိုင်စေရန်အတွက် သတိပြုစောင့်ကြည့် နိုင်ရန် ဖြစ်သည်။

လူထု အသိပညာပေးရေး ပရိုဂရမ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့နှင့် တိုက်ဆိုင်စွာ အာကာကျော်၏ We Love Elephants လူထု အနုပညာပြပွဲကို မတ်လမှစတင်၍ ပြသပေးသွား မည်ဖြစ်သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ခရီးသည်များ ခေတ္တနားနေ စောင့်ဆိုင်းရာ နေရာများဖြစ်သော နိုင်ငံတကာ လေကြောင်းလိုင်းများ ဆိုက်ကပ်ရာ Terminal 1 ၊ 2 နှင့် ပြည်တွင်း လေကြောင်းလိုင်းများ ဆိုက်ကပ်ရာ Terminal 3 တို့တွင် အရွယ်အစား ကြီးမားလှသည့် စက္ကူဆင်ရုပ်ကြီး ခြောက်ရုပ်ကို ပြသသွားမည် ဖြစ်သည်။

အေးရှားဝေါလ်သည် WWF-Myanmar အပါအဝင် အခြား သက်ဆိုင်ရာဌာနတို့နှင့် ပူးပေါင်းလျက် လေဆိပ်နှင့် ဆိပ်ကမ်း အဆောက်အဦများတွင် တောရိုင်း တိရစ္ဆာန် ပစ္စည်းများ တရားမဝင် ကုန်သွယ်ခြင်းကို အသိပညာပေးသည့် လူထုပညာပေး သတင်းစကားများ ထားရှိပေးသွား မည်ဖြစ်သည်။ ထို့ပြင် အေးရှားဝေါလ်သည် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းပြီး ၎င်းလည်ပတ် လုပ်ကိုင်နေသော လုပ်ငန်းခွင်များတွင် တောရိုင်း တိရစ္ဆာန် ပစ္စည်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားနေခြင်းကို စုံစမ်းစစ်ဆေးခြင်းနှင့် ဥပဒေအရ အရေးယူမှု များပြုလုပ် နိုင်ရန် ကြိုးပမ်းခြင်း တို့ကိုလည်း ပြုလုပ်သွားရန် သံန္နိဋ္ဌာန် ချထားသည်။

“အေးရှားဝေါလ်ရဲ့ ကူညီပံ့ပိုးမှုက အရမ်းအရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထု အသိပညာ ပေးရေးသာမကပဲ တကယ့် လုပ်ဆောင်ချက်တွေပါ ပေါင်းစပ်ထားလို့ပါ။ မြန်မာနိုင်ငံ မှာတောရိုင်း တိရစ္ဆာန် ပစ္စည်းတွေ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေးအတွက် ကြိုးပမ်း အားထုတ်မယ်ဆိုရင် နိုင်ငံရဲ့ဝင်ပေါက်၊ ထွက်ပေါက်နဲ့ နယ်စပ်ဒေသတွေမှာ လေ့ကျင့်သင်ကြား ပေးထားတဲ့သူတွေနဲ့ မှန်ကန်တဲ့ ရှာဖွေဖော်ထုတ်မှု နည်းပညာတွေ လိုအပ်ပါတယ်။ အခုလိုလုပ်ဆောင်မှုဟာ မြန်မာနိုင်ငံကို တရားမဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်း ကုန်သွယ်ရေးကင်းစင် နိုင်ငံအဖြစ်နဲ့ ဒီကုန်သွယ်နေမှုတွေကို လုံးဝ ရပ်တန့်ပစ်ဖို့အတွက် နယ်ပယ်အသီးသီးက ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်တဲ့ ပဏာမခြေလှမ်းပဲဖြစ်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဝန်ကြီးဌာန (MONREC) လက်အောက်ရှိ သစ်တော ဦးစီးဌာန နှင့် CITES Management Authority of Myanmar တို့၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရပြီး ဆင်အရေပြား၊ အမြှီး၊ သွား နှင့် ဆင်စွယ်များကို ရန်ကုန်နှင့် မန္တလေးတို့ရှိ ဈေးကွက်များနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်မှု အများဆုံးနေရာများတွင် ရောင်းချနေကြသည်။ တရုတ်နယ်စပ်တစ်လျှောက်ရှိ ဒေသအချို့နှင့် ရွှေတြိဂံ နယ်မြေ လူသိများသော မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ _ နိုင်ငံ ၃ နိုင်ငံ ဆက်စပ်နေသော ဒေသတွင်လည်း အမြောက်အမြား ရောင်းဝယ် ဖောက်ကားနေကြသည်။ ဆင်အရေပြားများကို အခြောက်ပြုလုပ်ပြီး ဆေးမြီးတိုများ ပြုလုပ်ရန် အတွက်သော် လည်းကောင်း၊ ပုတီးလုံးကလေးများ အဖြစ်ပြုလုပ်ပြီး လက်ကောက်များ ပြုလုပ်၍ သော်လည်းကောင်း၊ ဆင်အမြှီးကို ငွေလက်စွပ် အတွင်းသို့ ထည့်သွင်း၍ သော်လည်းကောင်း ကံကောင်းစေသည့် အဆောင်ပစ္စည်း အဖြစ် ပြုလုပ် ဝတ်ဆင်လျက် ရှိကြသည်။

မြန်မာနိုင်ငံ၏ အဓိက သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ပါဝင်လာခြင်းကြောင့် ယခုအစီအစဉ်သည် တောရိုင်း တိရစ္ဆာန် ပစ္စည်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု တားဆီး ရပ်တန့်ရေးအတွက် ပိုမိုကြီးမားသော တွန်းအားနှင့် သတိပြုမိနိုင်ရန် ခြေလှမ်း တစ်လှမ်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် လူဝင်အများဆုံးဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံသို့ ခရီးသွား ဧည့်သည်များ ဝင်ရောက်ရန်အတွက် အဓိက ပင်မဝင်ပေါက်ကြီး တစ်ခုဖြစ်ပြီး ၎င်းသည် ၂၀၁၇ ခုနှစ်တွင် ခရီးသည်ပေါင်း ၅.၉၂ သန်းကျော်ကို ဝန်ဆောင်မှု များပေးခဲ့သည်။ YIA မှ ဝန်ဆောင်မှု ပေးခဲ့သော ခရီးသည် များထဲတွင် နိုင်ငံခြားသား ခရီးသည် ၆၆ ရာခိုင်နှုန်းပါဝင်ပြီး ခရီးသည် ဝင်ရောက်မှု စုစုပေါင်း ၈.၄၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည်လည်း မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုအနက် ၁ ခုအပါအဝင် ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ အထူးအရာရှိကြီးများ၊ စီးပွားရေးရပ်ဝန်းမှ အရေးပါသော ပုဂ္ဂိုလ်များ လာရောက်ကြပြီး ၂၀၁၇ ခုနှစ်တွင် စုစုပေါင်းခရီးသည် ၂၂၄၄၇၈ ကို ဝန်ဆောင်မှု ပေးခဲ့သော လေဆိပ်ကြီး တစ်ခုဖြစ်သည်။

၁၉၉၆ ခုနှစ်၌ စတင် တည်ဆောက်ခဲ့သော မြန်မာ့ပထမဆုံး ပုဂ္ဂလိက ဆိပ်ကမ်းဖြစ်သည့် Asia World Port Terminal သည် အဆင့်မြင့် ကျွမ်းကျင် ဆိပ်ကမ်းဝန်ဆောင်မှု ကဏ္ဍတွင် ဦးဆောင်နေသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် မြန်မာနိုင်ငံရှိ ကွန်တိန်နာ အရေအတွက် ပမာဏအများဆုံး ကိုင်တွယ် လုပ်ကိုင်လျက်ရှိသော ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။

WWF-Myanmar အဖွဲ့အစည်းနှင့် ပူးပေါင်း၍ AWC အနေဖြင့် အနာဂတ်အတွက် ထူးခြားကောင်းမွန်မှု တစ်ခုကို ဖော်ဆောင် နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။