ရန်ကုန်- ဖေဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၈ခုနှစ်- ခရီးသည်ပေါင်းသန်း ၂၀ အထိ ဝန်ဆောင်မှု ပေးနိုင်သော မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အစည်ကားဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (YIA)သည် ၂၀၁၈ခုနှစ်၏ ပထမဆုံးသော တစ်သန်းမြောက် ခရီးသည်ကို ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကြိုဆိုခဲ့ပါသည်။ Emirates EK-388 ဖြင့် ဒူဘိုင်းမှ ရန်ကုန်သို့ ရောက်ရှိလာ သော မလွင်မာမြင့်ကို ယနေ့ညနေ ၄နာရီ ၅၅မိနစ်တွင် Terminal 1၌ အခမ်းအနားဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။
ကြိုဆို ဂုဏ်ပြုခြင်း အထိမ်းအမှတ်အနေဖြင့် မလွင်မာမြင့်အား မြန်မာငွေကျပ် တစ်သန်းနှင့် နေပြည်တော်ရှိ Horizon Lakeview Hotel and Resort တွင် နှစ်ညတာ အခမဲ့ အနားယူခွင့်နှင့် Samsonite Luggage အစရှိသော အခြား တစ်သန်းကျပ်တန်ဖိုးရှိ ခရီးသွား အသုံးအဆောင်ပစ္စည်းများကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ခရီးသည်တစ်ခုတည်း တွင်စီးနင်း လိုက်ပါလာကြသည့် ခရီးသည်များကိုလည်း အမှတ်တရ လက်ဆောင်များအဖြစ် duty-free voucher များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
“မထင်မှတ်ဘဲနဲ့ ဒီဆုရတာ အရမ်းလည်း ပျော်ပါတယ်။ ဒီလိုမျိုး ကြုံရတာ ပထမဆုံးပါပဲ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ Emirates ရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုအတွက် အရမ်းဝမ်းသာပြီး စိတ်လှုပ်ရှားမိပါတယ်။”
Yangon Aerodrome Company Limitedရဲ့ Chief Operating Officer Mr José Angejaက “၂၀၁၈ ခုနှစ်ရဲ့ ဒုတိယမြောက်လမှာ ဒီလိုမှတ်ကျောက်တင်နိုင်တာ အံ့အားသင့်စရာပါပဲ။ အရင်နှစ်က ခရီးသည်ပေါင်း ၆သန်းနီးပါး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခရီးသွားလာခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီးဖော်ရွေမှု ကိုသိရှိ ခံစားစေနိုင်ဖို့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြသူ အားလုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက် ရှိပါတယ်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ ကြိုးစားလျက်ရှိပြီး Emirates လိုလေကြောင်း လိုင်းတွေနဲ့ အခုလို အစီအစဉ်တွေကို လက်တွဲ ဆောင်ရွက်နေတာဟာ လည်း နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခုအနေနဲ့ ခရီးသည်တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရေး ကြိုးစားနေတဲ့ ပြယုဂ်တစ်ခုပါပဲ။”ဟု ပြောကြားခဲ့ပါသည်။
“Emirates ဟာဆိုရင် ရန်ကုန်ကနေ ဖနွမ်းပင်နဲ့ ဒူဘိုင်းကို နေ့စဉ်ပျံသန်း ပြေးဆွဲလျက် ရှိပါတယ်။ အခုလိုမျိုး ၂၀၁၈ ခုနှစ်အတွက် YACLရဲ့ ၁ သန်းမြောက် ခရီးသည်ကို ဝန်ဆောင်မှုပေးတဲ့ လေကြောင်းလိုင်းအနေနဲ့ Emirates ကိုယ်စား လွန်စွာ ဂုဏ်ယူမိပါတယ်။” ဟု Emirates ၏ မြန်မာ၊ ထိုင်း နှင့် အင်ဒိုချိုင်းနား မန်နေဂျာ Mohammad Sarhan ကပြောကြား ခဲ့ပါသည်။
“မြန်မာနိုင်ငံမှာ စတင် ဝန်ဆောင်မှုပေးခဲ့တဲ့ ၂နှစ်အတွင်းမှာ မြန်မာနိုင်ငံကို ကမ္ဘာတစ်ဝှမ်းနဲ့ ချိတ်ဆက်ပေးနိုင်အောင် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ပါတယ်။ အခုလိုကျွန်တော်တို့နဲ့ အတူပျံသန်းပြီး ဒီလိုဂုဏ်ယူ ဖွယ်ကောင်းတဲ့ ၁ သန်းမြောက် ခရီးသည် အဖြစ် အသိအမှတ်ပြုခြင်း ခံရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။”
“ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ အင်မတန်လှပတဲ့ မြန်မာနိုင်ငံကို ခရီးသွား ဧည့်သည်တွေ ပိုမိုလေ့လာ ခံစားနိုင်ဖို့ YACL နဲ့ ဆက်လက်ပူးပေါင်းလုပ်ကိုင်သွား ဖို့မျှော်လင့် ထားပါတယ်။”ဟု ဆက်လက် ပြောကြားခဲ့ပါသည်။”
ခရီးသည်များ အဆင်ပြေချောမွေ့စေရန် Terminal 1 နှင့် 2 ကိုဆက်သွယ်တည်ဆောက်ခြင်း။
လတ်တလောတွင် YIA သည် အနာဂတ် ဖွံဖြိုးရေးအတွက် ဒုတိယ အဆင့်အနေနှင့် Terminal 1 နှင့် Termianl 2 ကို ဆက်သွယ်ပေးမည့် အထူးစီမံကိန်းကို လုပ်ဆောင်လျက်ရှိပြီး လာမည့်လအတွင်း ဆောက်လုပ်ပြီးစီး မည်ဟု မျှော်မှန်းလျက်ရှိပါသည်။ အဆိုပါ တိုးချဲ့ အဆောက်အဦသစ်သည် လေဆိပ်ကို ပိုမိုကျယ်ဝန်းစေပြီး နိုင်ငံတကာ ခရီးသွားများ အတွက်ပိုမိုအဆင် ပြေချောမွေ့ လွယ်ကူစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
လေဆိပ် အဆောက်အအုံ သုံးထပ်ဧရိယာအား စတုရန်းပေ နှစ်သိန်းကျော် တိုးချဲ့ပေးပြီး အသစ်ဖွင့်လှစ်မည့် ဆိုင်ခန်းများနှင့် စားသောက်ဆိုင်များသို့ ခရီးသည်များအနေဖြင့် လည်ပတ်စား သုံးနိုင်မည်ဖြစ်ပြီး ယခုလေဆိပ်၌ ဝယ်ယူနိုင်သော နာမည်ကြီး အမှတ်တံဆိပ် ၁၂၇ မျိုး အပြင် ထပ်မံ၍ ရွေးချယ်စရာ ပိုများလာမည်ဖြစ်ပါသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့ ခရီးသည်ပေါင်း သန်း၂၀ အထိ ဝန်ဆောင်မှု ပေးနိုင်ရေးမျှော်မှန်း တည်ဆောက်ထား ခြင်းဖြစ်ပြီး နောင်လာမည့် ခရီးသည်များကို ဝန်ဆောင်မှုပေး နိုင်ရေးအတွက်လည်း အသင့် ရှိနေပါသည်။ ၂၀၁၇ ခုနှစ်တွင် ခရီးသည်ပေါင်း ၅.၉၂ သန်းကို ဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် လာရောက်ခဲ့သည့် ခရီးသည်ပေါင်း ၅.၄၅ သန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ၈.၄၈% တိုးတက်ခဲ့ပါသည်။ အဆိုပါ တိုးတက်မှု အနက် ၆၆% (သို့မဟုတ်) ခရီးသည်ပေါင်း ၃.၉၃ သန်း သည် အပြည်ပြည်ဆိုင်ရာ ခရီးသည်များဖြစ်ပြီး ၃၄% (သို့မဟုတ်) ခရီးသည်ပေါင်း ၁.၉၉ သန်းသည် ပြည်တွင်း ခရီးသည်များ ဖြစ်ကြပါသည်။ လေကြောင်းခရီးစဉ်များ အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၁၁.၀၅% တိုးတက်ခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ် ကြည့်ပါက ၇၈၀၇၆ မှ ၇၀၃၀၇ အထိ တိုးတက်လာ ခဲ့ပါသည်။
လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ပြည်တွင်း လေကြောင်းလိုင်း ၈ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းအား ဝန်ဆောင်မှု ပေးလျက်ရှိပြီး လတ်တ လောနှစ်များ အတွင်းတွင် Emirates Airlines၊ Malindo Airနှင့် Cathay Dragon ကဲ့သို့သော နာမည်ကြီး လေကြောင်းလိုင်းများလည်း ပါဝင်လာပြီ ဖြစ်ပါသည်။ အဆိုပါ လေကြောင်းလိုင်း များသည် Yangon Aerodrome Company Limitedမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ဝန်ဆောင်မှုလုပ်ငန်း များကို စတင်တာဝန်ယူ ဆောင်ရွက်သည့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရန်ကုန်သို့ ခရီးစဉ် အသစ်များ စတင်ရေး ဆွဲပျံသန်းခဲ့ ခြင်းဖြစ်ပါသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များအရ ၂၀၁၈ခုနှစ်တွင် ၇.၂% အထိ တိုးတက်လာမည် ဖြစ်သော မြန်မာနိုင်ငံ၏ GDPနှင့် အညီဖွံ့ဖြိုး တိုးတက် လာနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အနက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နှစ်စဉ် ခရီးသည်ပေါင်းသန်း ၂၀၀ န်ဆောင်မှုပေးနိုင်ရေး မျှော်မှန်း တည်ဆောက်ထား သည်နှင့် အညီ နောင်ဆယ်စုနှစ် အထိ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုပေးနိုင်ရေး ဦးဆောင် လျက်ရှိပါသည်။
အရည်အသွေးမြင့် စံချိန်စံညွှန်း ရရှိရန် ဆောင်ရွက်ခြင်း။
Yangon Aerodrome Company Limited (YACL) သည် မြန်မာနိုင်ငံသို့ အဓိက ဝင်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် အား စီမံခန့်ခွဲ လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အစည်ကားဆုံး လေဆိပ် ဖြစ်သည်နှင့်အညီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အခြေခံ အဆောက်အအုံ ၊အဖွဲ့အစည်းနှင့် စီမံခန့်ခွဲမှု အစရှိသော အဓိက နယ်ပယ်များတွင် အကောင်းမွန်ဆုံး ဆောင်ရွက်နိုင်ရန် စွမ်းဆောင်ရည်မြင့်မားနေစေရေး စံချိန်စံညွှန်းများ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းတွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်သော ခရီးသွားဦးရေသည် ပုံမှန် တိုးတက်လျက်ရှိပါသည်။ နိုင်ငံ၏ ခရီးသွား လုပ်ငန်း ရေရှည်တိုးတက် စေရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် တစ်နှစ်လျှင် ခရီးသည်ပေါင်းသန်း ၂၀ ကိုဝန်ဆောင်မှု ပေးနိုင်ရန်၊ ခရီးသည်များနှင့် လေကြောင်းလိုင်း များအတွက် အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ ပေးနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပါသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ကမ္ဘာ့ လူဦးရေ၏ သုံးပုံနှစ်ပုံနေထိုင်ရာ အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကြားတွင် မဟာဗျူဟာ မြောက်စွာတည်ရှိနေပြီး တိုကျို၊ ဒူဘိုင်း၊ စင်္ကာပူ၊ ဘေကျင်းနှင့် နယူးဒေလီ အစရှိသော မြို့ကြီးများနှင့်လည်း ၆ နာရီကြာ ပျံသန်းချိန် အကွာအဝေး အတွင်း၌သာ တည်ရှိနေပါသည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈လိုင်း နှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၂၅ ခုအား ဝန်ဆောင်မှု ပေးလျက်ရှိသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ အစည်ကားဆုံးနှင့် အကြီးမားဆုံး လေဆိပ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ခရီးသည် စုစုပေါင်း ၅.၉၂ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
Emirates၏ ခေတ်မီပြီး စွမ်းဆောင်ရည် မြင့်မားသည့် ခရီးသည်တင် လေယာဉ် ၂၆၉ စင်းသည် ခရီးသည်များနှင့် အခြား ဝန်ဆောင်မှုများအား ၎င်း၏နိုင်ငံတကာကွန်ရက် အတွင်းမှ နိုင်ငံ ၈၅ နိုင်ငံရှိ ဒေသပေါင်း ၁၅၉ နေရာသို့ ပျံသန်းပြေးဆွဲ ချိတ်ဆက်ပေးလျက်ရှိပါသည်။ ဒူဘိုင်းအခြေစိုက် Emirates သည် နိုင်ငံတကာ လေကြောင်း ခရီးပျံသန်းမှုအရ ကမ္ဘာ့အကြီးမားဆုံး လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ၎င်း၏ထိပ်တန်းအားကစားများနှင့် ယဉ်ကျေးမှု ပွဲတော်များကို ထောက်ပံ့ပေးမှုကြောင့် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု ခံရဆုံး လေကြောင်းလိုင်း အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်ပါသည်။ ထို့အပြင် Emirates လေကြောင်းလိုင်းသည် ပထမဆုံး TripAdvisor ၏ Travelers’ Choice Awards တွင် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း အဖြစ် အသိအမှတ် ပြုခြင်းကိုလည်း ခံခဲ့ရပါသည်။